တောသုံးတောင်သို့အဝင်မှာ
ခြင်္သေ့ဟာ
သမင်မမျက်လုံးကို
ပခုံးပေါ်ပစ်တင်လိုက်တယ်။
ဒီကောင်လွမ်းခဲ့ပါတယ်
ညီမလေးရယ်။
ငါ့နှလုံးသားမှာ
ပန်းများဝေဖူး
ဒီနွေဦးဟာ
မင်းခူးယူဖို့ပါ။
ကန္တာရမဆန်ပါဘူး
ငါ ဒဏ်ရာရခဲ့တာပါ။
ညညတွေမှာ
မျက်ရည်နဲ့ငါ့ကိုသိပ်လေ
မြေဝသုန်ရေ…
လင်းယုန်ငှက်တွေ
ငါဂုဏ်ပြုပါရဲ့။
ကောင်းကင်အိပ်ယာမှာ
ငါမအိပ်ချင်ပါဘူး။
လရောင်တွေကို
ငါမမေ့ချင်ပါဘူး။
ကမ္ဘာပေါ်မှာ
မြစ်တွေရဲ့ခေါ်သံ
ငါကြားနေရဦးမယ်။
ကွဲကြေတဲ့အပြုံးများသာ
နောက်ဆုံးကဗျာတစ်ပုဒ်
ချစ်သူဖတ်ဖို့ဟုတ်ပေလိမ့်မယ်။
ရာဇဝင်အုတ်ဂူမှာ
မြှုပ်ကူသူမရှိ
လွမ်းသူ့ပန်းခွေချမယ့်လူမရှိ
ညီမလေးရယ်…
မရှိခြင်းတွေပဲ
ဒီကောင့်ဘဝလေ။
ဗျာပါဒနှင်းဆီရေ
နေရစ်ပေတော့။
ပြီးပါပြီ ...
ဆည်းဆာရီမှောင်
အနောက်တောင်မှာ
ဒီကောင်
ခြင်္သေ့ယောင်ဆောင်တဲ့တိမ်တွေ
တညနေလုံးထိုင်ကြည့်ခဲ့တယ်။
အောင်ဝေး
ဟန်သစ်မဂ္ဂဇင်း ဇွန်လ ၁၉၉၄