Tuesday, April 18, 2023

မာရီလင်မွန်ရိုးအတွက် ညဉ့်လယ်စာ

မခင်လေးကို ကျွန်တော်ချစ်သည်
ထိုအတိုင်းပင် ကျွန်တော် ဆက်လက်တွေးခေါ်ရလိမ့်မည်။

ခရေပန်းတွေလုကောက်စဉ်ကာလတုန်းက
မင်းမှာ မိခင်လောင်းပီသတဲ့ရင်သားရှိမှန်း
ငါမသိလို့ပါကွယ်
လူပါဝတဲ့နည်းနဲ့
နှလုံးသားကို စိုက်ပျိုးလို့မရနိုင်မှန်း
နောင်မှသိခဲ့။
တကယ်တော့ ကိုယ်ဟာ
ဗျာဒိတ်တော်ကို အလေးမထားသူ တစ်ယောက်တော့လည်း
မဟုတ်ခဲ့ပါဘူး။

ကမ္ဘာကြီးဟာ လုံးတော့လုံးတယ်
ဒါပေမယ့် ပြားနေတယ်
ပြားတော့ကာ
မခင်လေးကို ကျွန်တော်ချစ်သည်
ထိုအတိုင်းပင် ဆက်လက်တွေးခေါ်ရလိမ့်မည်။

မင်းထင်သလို ကိုယ်ဟာ
အတိတ်မေ့ချင်ယောင်ဆောင်နေတဲ့လူတစ်ယောက်
မဟုတ်ရပါဘူး
အတိတ်မရှိတော့တဲ့ လူတစ်ယောက်ပါကွာ
(ဆရာဝန်ရဲ့ဆေးစစ်ချက်ကို ဆုတ်ဖြဲပစ်ခဲ့တယ်)

ဓမ္မသတ်ကျမ်းကို
အခန်း(၃)ထိ မဖတ်ဖူးခဲ့ဘူး။
အလင်းတစ်ဝက် အမှောင်တစ်ဝက်
တခစ်ခစ် ရယ်သံလား
တဟင့်ဟင့် ရှိုက်သံလား
ဇာတ်ညွှန်းမပါတဲ့ ပြဇာတ်တစ်ပုဒ်မှာ
တို့သရုပ်ဆောင်ကြရ။
(ပိတ်မရတဲ့တံခါးတွေ ရှိကောင်းရှိမယ်
ဖွင့်မရတဲ့တံခါးတော့ မရှိနိုင်ဘူး)

ခွေးရေပုရပိုက်နဲ့အပြည့် ဒုစရိုက်မှုများ
ဆုံးရှုံးသွားတဲ့ သီလတရားနဲ့အတူ
အခြားလတ္တီကျုတစ်ခုဆီ အသိုက်ပြောင်းခဲ့ရပေါ့
ကျောက်တုံးတစ်တုံးထက်ပိုပြီး
ဂုဏ်သိက္ခာကြီးမားတဲ့လူသားတစ်ယောက်ပါကွာ။

မခင်လေးကို ကျွန်တော် ချစ်သည်
မခင်လေးကိ ကျွန်တော် ချစ်သည်
ထိုအတိုင်းပင် ကျွန်တော် ဆက်လက်တွေးခေါ်ရပါလိမ့်မည်။ ။

ပိုင်စိုးဝေ
ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း
ဒီဇင်ဘာ ၂၀၀၅