This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Tuesday, April 18, 2023

နာမည်

 ကျနော့်သားက မေးတယ်။

‘ကြယ်တွေမှာ
နာမည်ရှိသလားဖေဖေ’တဲ့။

မြစ်ကမ်းနဖူးမှာ
ထိုင်တဲ့ည
သားက
ကောင်းကင်ကိုငုံ့ကြည့်နေတယ်။

ကျနော်က
ကြယ်တွေတလက်လက်ထ
ရေစီးထဲငေးလို့။

အေး... မတော်တဲ့ကြယ်တွေမှာ
နာမည်မရှိဘူး
တော်တဲ့ကြယ်တွေကျတော့
… … … …
… … … …။
အဲ့ဒီလို အဲ့ဒီလို
ကြယ်တလုံးချင်းစီရဲ့နာမည်
ကျနော်ပြောပြ။

ဖေဖေ…ဒါဆိုရင်
ကမ္ဘာပေါ်မှာ
သားနာမည်နဲ့ကြယ်လည်း
ရှိမှာပေါ့နော်။

ကျနော် သားကိုပြုံးကြည့်ရင်း
ခေါင်းညိတ်ပြတော့
သားကပျော်သွားပြီး
ကျနော့် မျက်လုံးထဲမှာ
သူ့နာမည်နဲ့ ကြယ်ကို
ရှာတွေ့သွားတယ်။

သားက ဖအေထက်
ပိုပြီးတော်ရမယ် မဟုတ်လား။

ကျနော်က သားကိုထမ်းလို့
ကျနော့်ကို
မြစ်ကမ်းပါးကထမ်းလို့
အိမ်ပြန်လာတဲ့လမ်းမှာ
ခေတ်ကလည်း
စီးတုန်းပါ။

ဖအေနဲ့သား
လွမ်းမိတဲ့ တရားမှာ
နာမည်တွေလည်း
စီးဆင်းနေတုန်းပေါ့။ ။
 

အောင်ဝေး
(၁၉၉၉)

မာရီလင်မွန်ရိုးအတွက် ညဉ့်လယ်စာ

မခင်လေးကို ကျွန်တော်ချစ်သည်
ထိုအတိုင်းပင် ကျွန်တော် ဆက်လက်တွေးခေါ်ရလိမ့်မည်။

ခရေပန်းတွေလုကောက်စဉ်ကာလတုန်းက
မင်းမှာ မိခင်လောင်းပီသတဲ့ရင်သားရှိမှန်း
ငါမသိလို့ပါကွယ်
လူပါဝတဲ့နည်းနဲ့
နှလုံးသားကို စိုက်ပျိုးလို့မရနိုင်မှန်း
နောင်မှသိခဲ့။
တကယ်တော့ ကိုယ်ဟာ
ဗျာဒိတ်တော်ကို အလေးမထားသူ တစ်ယောက်တော့လည်း
မဟုတ်ခဲ့ပါဘူး။

ကမ္ဘာကြီးဟာ လုံးတော့လုံးတယ်
ဒါပေမယ့် ပြားနေတယ်
ပြားတော့ကာ
မခင်လေးကို ကျွန်တော်ချစ်သည်
ထိုအတိုင်းပင် ဆက်လက်တွေးခေါ်ရလိမ့်မည်။

မင်းထင်သလို ကိုယ်ဟာ
အတိတ်မေ့ချင်ယောင်ဆောင်နေတဲ့လူတစ်ယောက်
မဟုတ်ရပါဘူး
အတိတ်မရှိတော့တဲ့ လူတစ်ယောက်ပါကွာ
(ဆရာဝန်ရဲ့ဆေးစစ်ချက်ကို ဆုတ်ဖြဲပစ်ခဲ့တယ်)

ဓမ္မသတ်ကျမ်းကို
အခန်း(၃)ထိ မဖတ်ဖူးခဲ့ဘူး။
အလင်းတစ်ဝက် အမှောင်တစ်ဝက်
တခစ်ခစ် ရယ်သံလား
တဟင့်ဟင့် ရှိုက်သံလား
ဇာတ်ညွှန်းမပါတဲ့ ပြဇာတ်တစ်ပုဒ်မှာ
တို့သရုပ်ဆောင်ကြရ။
(ပိတ်မရတဲ့တံခါးတွေ ရှိကောင်းရှိမယ်
ဖွင့်မရတဲ့တံခါးတော့ မရှိနိုင်ဘူး)

ခွေးရေပုရပိုက်နဲ့အပြည့် ဒုစရိုက်မှုများ
ဆုံးရှုံးသွားတဲ့ သီလတရားနဲ့အတူ
အခြားလတ္တီကျုတစ်ခုဆီ အသိုက်ပြောင်းခဲ့ရပေါ့
ကျောက်တုံးတစ်တုံးထက်ပိုပြီး
ဂုဏ်သိက္ခာကြီးမားတဲ့လူသားတစ်ယောက်ပါကွာ။

မခင်လေးကို ကျွန်တော် ချစ်သည်
မခင်လေးကိ ကျွန်တော် ချစ်သည်
ထိုအတိုင်းပင် ကျွန်တော် ဆက်လက်တွေးခေါ်ရပါလိမ့်မည်။ ။

ပိုင်စိုးဝေ
ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း
ဒီဇင်ဘာ ၂၀၀၅

ဖန်မီးအိမ်

ဖန်မီးအိမ်သည်
ကြောင်လိမ်နွယ်ဆင့်
နန်းအိမ်မြင့်မှာ
ထွန်းတင့်နိုင်မည်မဟုတ်ပါ ။

ဖန်မီးအိမ်သည်
တိမ်လွှာကိုစား
လရထားဖြင့်
ဝင့်ကြွားစွာလျှင်
ခရီးနှင်သည်
သခင်တို့မြန်း
ပန်းခင်းလမ်းတွင်
ညှိထွန်းနိုင်မည် မဟုတ်ပါ ။

ဖန်မီးအိမ်သည်
မငြိမ်မသက် စိတ်ယောက်ယက်နှင့်
လမ်းပျောက်တူရူ၊ လျှောက်လာသူကို
အားကူမျှသာ ထွန်းမည်တည်း…။

တင်မိုး
ဖန်မီးအိမ် ကဗျာများ စာအုပ်မှ

ရွှေ

ဘာနဲ့ စမ်းမလဲ
ကဲ မှတ်ကျောက်တင်ကြည့်၊ သိလိမ့်မယ်လေ
ရွှေအစစ်
မောင့်မေတ္တာ။

လွှတ်ပစ်လိုက်ပါ
မြေမှာ
ဒါမှမဟုတ် သမုဒ္ဒရာ
ရေလွှာနက်ထဲ၊ ဘယ်ပဲရောက်ရောက်
အရောင်တောက်လျက်၊ တလက်လက်လေ
ရွှေ ရွှေ ရွှေကွယ့်
မောင့်ရဲ့ မေတ္တာ။

ကောင်းကင်မြေပြင်
လောကခွင်ထဲ၊ ထားချင်ရာနား
ပစ်ထားလိုက်လေ၊ ရွှေတန်ဖိုးကား
တစိုးတစိ၊ ဘယ်ရော့ဘိမလဲ
အမြဲရွှေပဲ၊ ပြောင်းလဲမပြောင်း
မဟောင်းမညစ်၊ ရွှေအစစ်ကွယ့်
မောင့်ရဲ့ မေတ္တာ။

ကဲ လိုရာပြောင်းပြီး
ပုံလောင်းလိုက်ကွယ်၊ ညွတ်ပြောင်းသွယ်လျ
ဖြူလွခင့်လက်၊ လက်စွပ်ပုံသွင်း
သွယ်ရှင်းဝင်းတင့်၊ ခင့်လည်တိုင်ကြော့
ဆွဲပေါ့ ဆွဲကြိုး၊ အို အမျိုးမျိုး
ဆံထိုးဖြစ်ဖြစ်၊ ရင်ထဲနှစ်ခြိုက်
ကြိုက်ရာပုံလောင်း၊ ပြောင်းချင်ပြောင်းပဲ
မဟောင်းညစ်ပေ၊ ဝင်းလက်နေသည်
ရွှေ ရွှေ ရွှေကွယ့်၊ မောင့်ရဲ့ မေတ္တာ
ထာဝရ ရွှေ။                   ။

မောင်ချောနွယ်
မိုးဝေ၊ မေ၊ ၁၉၇၀


ဆတ်သွား

ကျယ်ပြန့်တဲ့ ရင်အုပ်ကားကားနဲ့
အသားနီနီ ယာတောများက
မီးခိုးလုံး
တောစိမ်း
ချောင်းနက်နဲ့
မှော်သားပြည့်သိပ် လေတွေ
သူ့အဆုပ်ကြီးထဲ
ရှုသွင်းပစ်လိုက်တဲ့
ဒီ မြင့်ချည်နိမ့်ချည် အသက်ရှု မြင်ကွင်းထဲ
လက်တံရှည်ရှည်ကြီး ထိုးသွင်းလိုက်သလို
ရထား ဝင်လာပြီ
ဒါ ဆတ်သွားပေါ့။

နီပြေပြေ ဝါကျံကျံ မန်ကျည်းပွင့်
သေးညှက်ညှက်ကလေးတွေ
အုတ်ကန် အအိုအမင်းကြီးထဲ
တစိမ့်စိမ့် တလိမ့်လိမ့် အနှေး
အရာအားလုံး ထွားကျိုင်း
ဝဖီး
ခိုင်ဖြီးလွန်းလှတဲ့ ဓာတ်တစ်မျိုး
ထွန်းကားတဲ့ ဒီအရပ်မှာ
ဒါ ဘယ်သူစပ်တဲ့ ကဗျာတဲ့လဲ
ဒါဟာ ဆတ်သွားပေါ့။

တစ်ခါကပေါ့
ကျေးတောသား တစ်ယောက်ဟာ
မြို့ကနြေ့ပီး မြို့အဆန်ဆုံး ကိုင်းတစ်ကိုင်း ယူလာ
သူ့ယာခင်းထဲ
ကြဲချလိုက်တဲ့အခါ
မြို့ကိုင်းဆိုတဲ့ ရွာကြီးတစ်ရွာ ဖြစ်လာခဲ့
ဒီ အရပ်မှာ။

ဒီမလေ
မူလက
ဒါဟာ ဆတ်တစ်ကောင်ရဲ့ သွားပေါ့။

ခုတော့
မြို့ဆန်ဆန် မြို့အင်္ကျီနဲ့ ဆတ်သွား
ကလေးအမေတစ်ယောက်ရဲ့ နို့ပိန်နဲ့တူတဲ့
ဘတ်သီးတွေ
မမှန်မကန်လင်းတတ်တဲ့ နေရာ
ကျောမှာ
အမာရွတ်ကြီးလို
အဝေးပြေး ကားလမ်းမ
ခါးမှာ မီးရထားသံလမ်း ခါးပတ်ပတ်လို့
ဗိုက်ထဲမှာ
မြို့ရဲ့ ချွေးခံအင်္ကျီနဲ့တူတဲ့ ဘီးလိယက်ခုံတစ်ခုံ
ခုန်လို့
မြို့ဟန်ဆောင်ပါလေ ဆတ်သွားရေ။

သင်တို့မြင်ဖူးစ
သင်တို့စိတ်တွေ အတစ်လိုက် အတစ်လိုက်
ခန္ဓာကိုယ်ပေါ်က ကွာကျ
သစ်ညိုလုံး ထွားထွားကြီးတွေအပေါ်
ထွားလို့ ထွားလို့
ထွားသွားနေမှာ
ဒါ ဆတ်သွားပေါ့။

မြေအကျော တစ်မျိုးဓာတ်နဲ့ ဖွံ့ထွား
မှော်သားအထည်တစ်မျိုးနဲ့ အဆင်အသွေးကျ
ကမ္ဘာလုံးဝန်းကြီးကိုတောင်မှ
ထည့်ထုပ် ပစ်လိုက်နိုင်တဲ့
အင်ဖက် ကားကားကြီးတွေ
သားပေါက်ရာ အရပ်
သစ်ညိုလုံး ထွားထွားကြီးတွေ
အိပ်မွေ့ကျရာ အရပ်
မြွေပွေး ၀၀တုတ်တုတ် ဖီးဖီးကြီးတွေ
စည်ကားရာ အရပ်
အလင်းရောင် ဖောဖောသီသီရတဲ့
ဒီအရပ်မှာ
မှော်သားလေတွေ
လင်းလင်းချင်းချင်း ဖိတ်လျှံတဲ့
ဒီအရပ်မှာ
အာကာသဓာတ်တွေ အရေရွှန်းလှတဲ့
ဒီအရပ်မှာ
ခုတ်သားတုံးကြီး တစ်တုံးက
ရွာအဖြစ် အသက်ရှင်နေတဲ့
ဒီအရပ်မှာ
ယာမီးခိုးလုံးတွေနဲ့ တောစိမ်းတွေ
မိတ်လိုက်နေတတ်တဲ့
ဒီအရပ်မှာ
ပိသာစီး ငါးတန်ကြီးတွေ
အသံထွက် ပွက်ကျနေတဲ့
ဒီအရပ်မှာ
လောကဓံတရားထက်ပြင်းတဲ့ အရက်ကို
မချစ်က ချက်တဲ့
ဒီအရပ်မှာ
ဒီဆတ်သွား တစ်ချောင်းပေါ်မှာ
အသားနီနီ တောကင်းကြီးတွေဟာ
ဇာတ်လိုက်ကြီးတွေ ဖြစ်တယ်
တာကင်းကြီးတွေဟာ
သူတို့အသားပြင်ကို ပက်ကြားအက်စေတဲ့
စူးရှရှ လေပူပူကို ချစ်ကြတယ်။

တောကင်းကြီးတွေဟာ
သွားထိရင် ငေါက်ခနဲမြည်သံထွက်တဲ့
အသားမြည်သံကို ပိုင်ဆိုင်တဲ့
ဆူးပင်တွေကို ချစ်ကြတယ်။

တောကင်းကြီးတွေဟာ
သူတို့ခန္ဓာကိုယ်ထည်တွေကို
ရှားနှစ်လို စူးနေအောင် ချွန်ကြ
သူတို့က ယာခင်းလို့ခေါ်တဲ့
သူတို့ဘဝတွေကို
သွေးကြောင်း အရစ်ရစ်ထအောင် ထွန်ယက်ကြ
ဒါကြောင့်ပဲ
သူတို့ဘ၀ ယာခင်းတွေဟာ
နီရဲနေကြတာပေါ့။

တောကင်းကြီးတွေဟာ
သူတို့ရယ်သံတွေကို
ကြဲပက်ပစ်လိုက်တဲ့အခါတိုင်း
နှမ်းခင်းကြီးတွေ ဖြစ်လာတယ်။
တောကင်းကြီးတွေဟာ
သူတို့ကိုယ်ကြီးက
ချွေးသီးချွေးပေါက်တွေကို
မြေပဲတောင့်ထွားထွားကြီးတွေအဖြစ်
စိုက်ကြတယ်
တောကင်းကြီးတွေဟာ
သူတို့ခြေလက်တွေကို ဖြတ်တောက်
မြေကြီးထဲ ထိုးထည့်လိုက်တဲ့အခါ
အချိုရည် ရွှန်းလဲ့လဲ့
ကြံခင်းကြီးတွေ ဖြစ်လာတယ်။

ခါသားချက်
တောဝက်သားဟင်း
လောကဓံတရားထက် ပြင်းတဲ့
မချစ်ရဲ့ အရက်
တောကင်းကြီးတွေဟာ
အဲဒီကန္တာရ ရင်အုံကြီးကို စို့ကာ
ပျော်ကြ
ဘာမဆို မှော်ထနေလွန်း
ဆတ်သွားတစ်ချောင်းပေါ်က
ဒီအရပ်
ဒီဆတ်သွားဆိုတဲ့ အရပ်ဟာ
အကြေကို စုန်သလိုလိုနဲ့
အညာကို ဆန်ဆန်သွားတတ်တဲ့
ခရီးသွား ပိုးဇာခင်း မြေသားတစ်ခုပေါ့။

မောင်ချောနွယ်

ကိုက်လမ်း

ငါဟာ
ကမ္ဘာကြီးကို နားစွင့်ထားသူ ယုန်ကလေးပါ။

နေ့စဉ်နေ့စဉ်
ငါ့ဝပ်ကျင်းကလေးကနေ ငါ  အစာရှာထွက်တိုင်း
သစ်ပင်မြက်ပင်လေးတွေ ကိုက်ကိုက်ပြီး
ငါထားခဲ့မြဲ....


ခု..........
လူနဲ့ ခွေးများ တောခြောက်ကြ
အပြေးအမြန် ငါ့ကိုက်လမ်းလေးအတိုင်း
ပြန်လာခဲ့ရာ
ပိုက်ထဲ...
ငါ့သစ္စာတရားဟာ ငါ့အသက်ကို ယူသွားကြပေါ့၊ ၊၊

မောင်ချောနွယ်

မာန်

အပွင့်ကိုခူး
အဖူး ငါ့မှာ ကျန်သေးတယ် …

အဖူးကို ဖျက်
အခက် ငါ့မှာ ကျန်သေးတယ် …

အခက်ကို ချိုး
အရိုး ငါ့မှာ ကျန်သေးတယ် …

အရိုးကို နှုတ်
အငုတ် ငါ့မှာ ကျန်သေးတယ် …

အငုတ်ကိုပယ်ရွေ့
မျိုးစေ့ ငါ့မှာ ကျန်သေးတယ် …

မနက်ဖြန်ဆို ငါပင်ပျိုသည်
ဝေစည်စိမ်းလျှက် သီးပွင့်ရွက်နှင့်
ခက်လက်ဝေဆာ မြေကမ္ဘာမှာ
သာယာဝင့်လန်း မေတ္တာဖျန်းပြီး
ငါ့လမ်း ငါလျှောက်နေဦးမယ် … ။

ဒေါင်းနွယ်ဆွေ

အားမာန်သစ်

ပန်းဖူးနွယ်ညွှန့်
မလွန့်သာအောင်
ကျောက်တောင်နှင့်ဖိ
သတ်လေဘိလည်း

ဘူမိမြေမှ
အမြစ်ကြွ၍
မိုးဝတိုင်ရောက်
တိုးဝင်ဖောက်သည်
အို . . . ကျောက်တောင်ကြီး
သင်သာရှက်ဖွယ်လိလိတည်း။           ။

ဒေါင်းနွယ်ဆွေ
မြရွက်လှေ ကဗျာများ  ကဗျာစာအုပ်မှ

ခြင်္သေ့

တောသုံးတောင်သို့အဝင်မှာ
ခြင်္သေ့ဟာ
သမင်မမျက်လုံးကို
ပခုံးပေါ်ပစ်တင်လိုက်တယ်။

ဒီကောင်လွမ်းခဲ့ပါတယ်
ညီမလေးရယ်။

ငါ့နှလုံးသားမှာ
ပန်းများဝေဖူး
ဒီနွေဦးဟာ
မင်းခူးယူဖို့ပါ။

ကန္တာရမဆန်ပါဘူး
ငါ ဒဏ်ရာရခဲ့တာပါ။

ညညတွေမှာ
မျက်ရည်နဲ့ငါ့ကိုသိပ်လေ
မြေဝသုန်ရေ…
လင်းယုန်ငှက်တွေ
ငါဂုဏ်ပြုပါရဲ့။

ကောင်းကင်အိပ်ယာမှာ
ငါမအိပ်ချင်ပါဘူး။

လရောင်တွေကို
ငါမမေ့ချင်ပါဘူး။

ကမ္ဘာပေါ်မှာ
မြစ်တွေရဲ့ခေါ်သံ
ငါကြားနေရဦးမယ်။

ကွဲကြေတဲ့အပြုံးများသာ
နောက်ဆုံးကဗျာတစ်ပုဒ်
ချစ်သူဖတ်ဖို့ဟုတ်ပေလိမ့်မယ်။

ရာဇဝင်အုတ်ဂူမှာ
မြှုပ်ကူသူမရှိ
လွမ်းသူ့ပန်းခွေချမယ့်လူမရှိ
ညီမလေးရယ်…
မရှိခြင်းတွေပဲ
ဒီကောင့်ဘဝလေ။

ဗျာပါဒနှင်းဆီရေ
နေရစ်ပေတော့။

ပြီးပါပြီ ...
ဆည်းဆာရီမှောင်
အနောက်တောင်မှာ
ဒီကောင်
ခြင်္သေ့ယောင်ဆောင်တဲ့တိမ်တွေ
တညနေလုံးထိုင်ကြည့်ခဲ့တယ်။

အောင်ဝေး
ဟန်သစ်မဂ္ဂဇင်း ဇွန်လ ၁၉၉၄

ချစ်သူသို့ (၁)

သံချေးတစ်ထပ် ရွှံ့တစ်ထပ်မို့
သူတို့ရဲ့ စိတ် အတင်အချကို
မင်း...ဘယ်လိုမှ ဖတ်ရမှာ မဟုတ်ဘူး
အာငွေ့မှုတ်သံတွေကြားမှာပဲ
ရယ်ကာ မောကာ တစ်နွေလုံးပိတ်
ကိုယ့်ယဉ်ကျေးမှုနဲ့ကိုယ် အိပ်ပစ်လိုက်ပေါ့ကွယ်

ချစ်သူရေ
လောက မာယာဆိုတာ
အတီးခံရတဲ့ ဗုံတွေရဲ့ ဂီတပါပဲ
စစ်တုရင် တစ်ပွဲလုံးကို
ဆွဲမှောက်ခံလိုက်ရပေမဲ့
...ဘာဖြစ်လည်း
ဝမ်းမနည်းကြေး တို့တွေ ရွာသွန်းကြရုံပေါ့

ယုံကြည်ထားစမ်း
ရေငွေ့ ရေခိုးကလည်း
ပင်လယ်ကို ပစ်ပေါက် စိုက်ပျိုးနိူင်တယ်ဆိုတာ။

တာရာမင်းဝေ